ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon –
) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၉ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ရဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်နဲ့ လက်ပါးစေတို့ဟာ သူတို့ အာဏာတည်မြဲရေးအတွက် လူတစ်ယောက်ရဲ့အသက်ကို အလွယ်တကူ သတ်ဖြတ်တတ်သလို အသက်သေဆုံးနိုင်တဲ့အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်သူတွေ ဖြစ်တာကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်တဲ့ ကိုပိုင်ဖြိုးမင်းအတွက် သပိတ်အင်အားစုတွေ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲ့ဒါကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနဲ့ မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်တွေကို စစ်ကောင်စီက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းပြီး အသက်ကို အလွယ်တကူ ရယူမသွားနိုင်စေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ၊ သပိတ်အဖွဲ့တွေအနေနဲ့ ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြဖို့ AJAY က တောင်းဆိုထားပါတယ်။
လွတ်လပ်ခြင်းနဲ့ လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့တဲ့ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နဲ့အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်တွေအတွက် ပိုပြီးကြိုးပမ်းကာ လူထုသပိတ်အင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့ AJAY က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လူထုသပိတ်အင်အားစုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်လာနေပြီး စစ်အာဏာရှင်နဲ့ နောက်လိုက်တွေဟာလည်း တန်ပြန် စစ်ဆေးဖမ်းဆီးမှုတွေ အရင်ထက် ပိုမိုပြီး ပြုလုပ်လာတာဖြစ်ပါတယ်။
