မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
မြန်မာပြည်မှာ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲတွေကြောင့် လူပေါင်း သုံသန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်းနဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးပြီး ကြောက်ဖို့တောင်ကောင်းလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မှတ်ချက်ပြုပါတယ်။
အခုတစ်ပတ်လာအိုမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဟာ အရေးကြီးခေါင်းစဉ် ဖြစ်နေပြီး သွေးထွက်သံယိုဖြစ်မှုတွေကိုရပ်တန့်အောင် အားထည့်လုပ်ဆောင်ဖို့၊ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေး ပြောဆိုထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက သဘောထားကွဲလွဲမှုကြောင့် လူပေါင်း ၂၀၀၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Andrews က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အင်အားကြီးပေမယ့် နိုင်ငံအနှံ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေအတွင်း အရှုံးနဲ့ ရင်ဆိုင်နေရပြီး တိုင်းပြည်အပေါ် ထိန်းချုပ်မှုတွေ ဆုံးရှုံးကာ နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုကိုလည်း ခံစားနေရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဟာ တပ်သားအများအပြားဆုံးရှုံးခဲ့ရပြီး စစ်မှုထမ်းအမိန့်ကတဆင့် စစ်အင်အားပြန်လည်တည်ဆောက်နေတယ်လို့ Andrews က သူ့ရဲ့ ဩစတေးလျခရီးစဉ်မှာ ပြောပါတယ်။
“အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သူ့ရဲ့ဆုံးရှုံးမှုတွေအတွက် လက်တုံ့ပြန်လျက်ရှိကြောင်း” သူက ပြောဆိုထားပြီး စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော် ရှိခဲ့တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
တဆက်တည်းမှာပဲ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံတွေက စစ်ကောင်စီအပေါ် တရားဝင်မှုမပေးဖို့၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့ဟာ အရေးကြီးတဲ့ နိုင်ငံတကာလုပ်ဆောင်ချက်ဖြစ်ကြောင်း သူက တိုက်တွန်းခဲ့ပါသေးတယ်။
“ဒီအကျပ်အတည်းကို နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အလုပ်မဖြစ်တာ ရှင်းနေတယ်” လို့ သူက ပြောဆိုပြီး အရေးပေါ် ထိပ်သီးအစည်းအဝေးတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
“မြန်မာပြည်ရဲ့ နက်ရှိုင်းတဲ့အကျပ်အတည်းကို ကမ္ဘာ့ (နိုင်ငံတွေ) တော်တော်များများ မမြင်နိုင်တော့မှာကို စိုးရိမ်မိပါတယ်။”
ဒါ့အပြင် Andrews က သြစတြေးလျနဲ့ သူနဲ့သဘောထားတူတဲ့ နိုင်ငံတွေကနေပြီး စစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုရာမှာ အကူအညီပေးဖို့နဲ့ ဟေ့ဂျ်က နိုင်ငံတကာ ရာဇ၀တ်တရားရုံး ရှေ့မှောက် စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ရေး ဆောင်ရွက်ချက်တွေကို ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
မူရင်း – United Nations expert says response to Myanmar war ‘not working’
