ကရင်ပြည်နယ်၊ ထိုင်း–မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘုရားသုံးဆူမြို့မှာ လာရောက်နေထိုင်တဲ့ တရုတ်လူမျိုးတွေ အဓိကလုပ်ကိုင်တဲ့ လောင်းကစားဝိုင်းတွေ၊ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် မြို့မှာ သူခိုး၊ ဓားပြတွေလည်း ပေါများလာနေတယ်လို့ သိရပါတယ်။
“တစ်မြို့လုံးက တည်းခိုခန်းတွေလည်း သူတို့ပဲ ငှားထားကြတယ်။ ဈေးနားက သဇင်ဦးတည်းခိုခန်းဆိုလည်း တစ်ခုလုံးကို နှစ်ချုပ်ချုပ်ပြီးတော့ ကျားဖြန့်လုပ်နေကြတာပဲ။ ဒီမှာ အခု ၂လ၊ ၃ လလောက်အတွင်းကို အယောက် ၄၀၀၀ လောက် ဝင်လာတယ် ကြားတယ်“ လို့ ဘုရားသုံးဆူမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
တရုတ်လူမျိုးတွေဟာ မြို့ထဲက နေအိမ်တွေကို ဈေးကြီးပေးပြီး ငှားရမ်းတာကြောင့် ဒေသခံတွေ နေထိုင်တဲ့နေအိမ်တွေမှာ အိမ်ပိုင်ရှင်တွေက ယခင်နေထိုင်ပြီးသားသူတွေကို ဖယ်ရှားခိုင်းတဲ့ကိစ္စရပ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်လူမျိုးတွေရဲ့ စည်းကမ်းမဲ့ နေထိုင်မှုတွေ၊ ကားမောင်းကြမ်းတမ်းမှုတွေက ဒေသခံတွေကို အပြင်မထွက်ရဲလောက်တဲ့အထိ အခြေအနေတွေထံ တွန်းပို့နေတယ်လို့ သိရပါတယ်။
အထက်ပါ သတင်းရင်းမြစ်ကပဲ ဆက်လက်ပြီး “လက်ရှိကတော့ တရုတ်တွေ ရောက်နေပြီ။ လောင်းကစားဝိုင်းတွေ လုပ်နေတာလည်း ဟုတ်တယ်။ ဒါပေမယ့် ရွှေကုက္ကိုလ်လိုမျိုးတော့ မြန်မာတွေ အများကြီးလာရောက် လုပ်ကိုင်နေတာကတော့ လက်ရှိထိတော့ မရှိသေးဘူး” လို့ဆိုပါတယ်။
အခုလို တရုတ်လူမျိုးတွေ လာရောက်နေထိုင်တာကို မြို့ခံတွေက မကြိုက်သလို သူခိုး၊ ဓားပြ ပေါများလာတဲ့ ကိစ္စတွေကြောင့် ပြဿနာ တစ်ခုခုဖြစ်လာရင်တောင် တိုင်တန်းလို့ မရတဲ့ အခြေအနေ ဖြစ်တာကြောင့် ပြဿနာပေါင်းစုံကို မြို့ခံတွေက ခံစားနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်– DKBA တို့က ပူးပေါင်းအုပ်ချုပ်နေပြီး အခုလို တရုတ်တွေလာရောက်နေထိုင်တာကို DKBA အဖွဲ့က ဗိုလ်အေဝမ်းက ခွင့်ပြုလက်ခံထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။