စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
အောက်တိုဘာလ ၉ရက်၊ မနေ့ကမနက်ပိုင်းမှာ ကျောက်အိုး(မြောက်)ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးကာ ရွာခံအယောက်၂၀ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
” သီးပင်အိုင်ရွာကနေ ကျောက်အိုး(တောင်)ကိုဝင်တာပေါ့။ အဲ့ကနေ ကျောက်အိုး(မြောက်) ကိုဝင်ပြီးမီးရှို့တာ အိမ်၅လုံးကုန်သွားတယ်။ အရှင်မိထားတဲ့ ကောင်တွေပြောတဲ့အတိုင်းဆို ဒီကောင်တွေက ပစ္စည်းတွေ့တဲ့အိမ်ပဲရှို့တယ်ပြောတာ။တကယ်က ဘာမှမတွေ့လည်း ရှို့တာပါ။ ဖမ်းသွားတာလည်းအယောက်၂၀လောက်ရှိပါတယ်။” လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်ကစလို့ မုံရွာ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ထိစပ်နေတဲ့ ဘုတလင်မြို့နယ်၊ ကျီးပဒုံရွာကနေတဆင့် ဇီးတော၊ ကံစွယ်၊ မန်ကျည်းကုန်း၊ ထနောင်းကုန်း၊ ကံသစ်စတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“အခုတော့ ဘုတလင်မြို့ပေါ်က လာတဲ့ကောင်တွေနဲ့ မီးရှို့တဲ့ကောင်တွေပေါင်းပြီး သီးပင်အိုင်ရွာမှာ ပြန်ပြီးတပ်စွဲထားတယ်လို့ သိရတယ်။ ဒီကောင်တွေက ဉာဏ်များလာတယ်။ အထွက်ပြလိုက် ပြန်ဝင်လိုက်နဲ့ လုပ်နေတာပေါ့။ နောက်ပြီး နမခကနေ ပုစဥ်း(ရဟတ်ယာဥ်) နဲ့ရောက်လာတဲ့ကောင်တွေလည်း ဇီးတောရွာကို ရောက်နေပြီလို့တော့ ပြောတယ်။” လို့ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၇ရက်၊ မနက်အစောပိုင်းကလည်း ကံဆွယ်ကျေးရွာနေ ရွာခံတွေကို မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) စစ်ကြောင်းက ရွာထဲဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းမှာ ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်မြို့ကိုထွက်ခွာလာတဲ့ အင်အား၈၀ ကျော်ပါအကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ စီပါရွာ အနောက်တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က ၃၃ ယောက်သေပြီး ဗိုလ်ကြီး ၂ယောက်အပါ ၄၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ အတူဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ အထက်ပါ တိုက်ပွဲဖြစ်ပွားခဲ့ရာ စီပါကျေးရွာနဲ့ ကူတော်ရွာအနီးပတ်ဝန်းကျင်က မောင်းတောင်၊ မွန်တော၊ ရွှေလက်၊ ကတိုးနဲ့ အင်နိုင်းစတဲ့ ကျေးရွာတွေမှာ အရပ်သားတွေစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“စစ်ကြောင်းက တစ်မြို့နယ်လုံးနီးပါးတဲ့.. ကူတော်အထိထိုးမယ်လို့ သတင်းရထားတော့ ရှောင်နေကြရတာတွေများတယ်။ ကူတော်ရွာအနီးပတ်ဝန်းကျင်က ရွာတွေ စစ်ရှောင်နေရတာဆို စက်တင်ဘာ ၂၀ရက်နေ့တည်းကလို့ ပြောရမယ်။ မြေပြင်သတင်းတွေအရဆို ဒီစစ်ကြောင်းတွေထဲမှာ ရွာတွေကိုဝင်စီးပြီး မီးရှို့ဖို့ အမိန့်တွေပါလာတယ်တဲ့။ စစ်ကြောင်းထဲကနေ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်လာတဲ့သူတွေ ပြောတာပေါ့။ အဲ့ဒါကြောင့် ပြည်သူတွေခမျာ တောင်လား၊မြောက်လား ပြေးစရာမရှိလို့ ရွာလုံးကျွတ်ကိုမှ တော်တော်ဝေးဝေးကို ပြေးနေကြရပါတယ်။” လို့ ဆရာဇော်က ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းရန်ကြောင့် ဘုတလင်မြို့နယ်တောင်ပိုင်းက နှောပင်ရိုး၊ ကံစွယ်၊ ရုံလေးကုန်းရွာသစ်ရွာဟောင်း၊ တရော်တော၊ ကြက်ရိုးကုန်း၊ ညောင်ကန်၊ ရွာသာစတဲ့ ကျေးရွာတွေနဲ့ စီပါ၊ ကျွဲသေချောင်းစတဲ့ မြို့နယ်မြောက်ဘက်ခြမ်းကျေးရွာတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ ပြောပါတယ်။
