တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ISP Myanmar ရဲ့မြန်မာ့ပဋိပက္ခ၏နိုင်ငံရေးဘောဂဗေဒဆိုတဲ့အစီရင်ခံစာမှာအခုလိုဖော်ပြထားခြင်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက စစ်ကောင်စီရဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ ထိုင်းသံအမတ်တို့ ဘားအံမြို့မှာ တွေ့ဆုံခဲ့ပြီး မြန်မာ–ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ညှိုနှိုင်းဆွေးနွေးမှု တချို့ ပြုလုပ်ခဲ့ပါတယ်။
မြ၀တီ အာရှလမ်းမကြီးကို KNLA နဲ့ စစ်ကောင်စီတို့ကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ငါးကြိမ်ထက်မနည်းပိတ်ခဲ့ရပြီး ၂၀၂၄ ခုနှစ်မတ်လက စတင်ကာ အဆိုပါလမ်းပိုင်းရဲ့ နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမြ၀တီမြို့ကိုလည်း စစ်ကောင်စီကိုယ်စား BGF နယ်ခြားစောင့်တပ်က လုံခြုံရေးသဘောမျိုး ယူထားရတဲ့အထိ စစ်ကောင်စီက လက်လွှတ်ထားရတာကြောင့် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်နိုင်ရေးဟာ တော်လှန်ရေးအင်အားစုတွေနဲ့လည်း များစွာသက်ဆိုင်နေတာ ဖြစ်ပါတယ်။
အာရှလမ်းမကြီး ပိတ်ထားရမှုကြောင့် ၂၀၂၃–၂၄ဘဏ္ဍာရေးနှစ်အတွကိ စစ်ကောင်စီရဲ့ စီးပွါးကူးသန်းဝန်ကြီးဌာန ထုတ်ပြန်မှုမှာ ထိုင်း–မြန်မာ ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၉၂၇ ဒသမ ၀၉၅ သန်းအထိ ကျဆင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံအတွက် အရေးပါတဲ့ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ KNU၊ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ရဲ့သဘောထား များစွာပါဝင်ပတ်သက်နေပြီး စစ်ကောင်စီဟာ အဲဒီအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ နယ်ခြားစောင့်တပ် BGF ကို ကြားခံထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ ဆက်စပ်နေတဲ့ရှမ်းမြောက်ဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာနယ်မြေတွေက နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အနေနဲ့လည်းပြန်လည်ဖွင့်လှစ်ဖို့ တရုတ်နိုင်ငံက ဖိအားပေး ကြိုးစားလျက်ရှိတယ်လို့ ISP ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးကစလို့ ရှမ်းမြောက်က တရုတ်နဲ့ ဆက်စပ်နေတဲ့ ကုန်သွယ်ရေးဇုန်တချို့ဟာ တော်လှန်ရေးအင်အားစုတွေ လက်ထဲရောက်ရှိနေပြီး ဇုန်တချို့ကတော့ စစ်ကောင်စီလက်ထဲမှာရှိနေကာ ကုန်သွယ်ရေးလုပ်ငန်းအများစုဟာ ရပ်နားထားရပြီဖြစ်ပါတယ်။
လက်ရှိ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ကုန်သွယ်ရေးအတွက် ကုန်သွယ်ရေးစခန်းပေါင်း ၁၇ ခုရှိပြီး အဲဒီထဲက ၅ခုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး ကျန်၁၂ ခုကိုစစ်ကောင်စီက ထိန်းချုပ်ထားပေမယ့် ၃ ခုဟာ လုံး၀ နီးပါးရပ်ဆိုင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်နဲ့အဓိကဆက်သွယ်နေတဲ့ရှမ်းမြောက်လမ်းကြောင်းဟာလုံး၀ရပ်ဆိုင်းလုနီးပါးဖြစ်နေတာကြောင့်စစ်ကောင်စီဟာကုန်သွယ်ရေးအတွက်လမ်းကြောင်းသစ်အဖြစ်ရှမ်းပြည်နယ်အရှေ့ပိုင်းကိုဦးစားပေးအကောင်အထည်ဖော်ဖို့လည်းစီစဉ်နေတယ်လို့သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်တွေအဖြစ် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းကို ရေလမ်းကြောင်းအသုံးပြုကာ ကုန်သွယ်ရေးပုံစံ ပြောင်းလဲစမ်းသပ်လာမှုတွေလည်း ရှိလာပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပဋိပက္ခတွေအကြား စစ်ကောင်စီက မဖြစ်ဖြစ်တဲ့နည်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဖွင့်ဖို့ လမ်းကြောင်းသစ်ရှာဖွေတာတွေ ပြုလုပ်နေပြီး လက်နက်ကိုင်အင်အားစုတွေနဲ့လည်း ညှိုနှိုင်းမှုတချို့တွေ ပြုလုပ်လာတာကို၂၀၂၄ ခုနှစ်ထဲမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အဓိက ကုန်သွယ်နေတဲ့ တရုတ်နဲ့ထိုင်းနိုင်ငံအပြင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပါ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် လက်လွှတ်ရတော့မှာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကိုတော့ မြန်မာစစ်ကောင်စီနဲ့ ညှိုနှိုင်းမယ့်အစား နယ်မြေကို လက်ဝယ်ရရှိသူတွေနဲ့သာ တိုက်ရိုက်ဆွေးနွေးပြောဆိုမယ့် အလားအလာတွေလည်း ရှိနေပါတယ်။
တဆက်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ဟာ တော်လှန်ရေးအင်အားစုတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကျိုးစီးပွါးတချို့နဲ့ များစွာ ဆက်စပ်ပတ်သက်နေခြင်း ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမှာပြုလုပ်ခဲ့တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေအရ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ရင် စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း၊ ညီနောင်မဟာမိတ် ၃ဖွဲ့က ၇၀ ရာခိုင်နှုန်းအထိ ရယူမယ်ဆိုတဲ့သဘောတူညီချက်အချို့တောင် ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုနည်းတူ မြ၀တီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ရင် KNU က ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်ရယူမှာဖြစ်ကာ စစ်ကောင်စီက ၃၀ ရာခိုင်နှုန်းအထိယူဖို့ ညှိုနှိုင်းခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ကြားခံဝင်ရောက်ညှိုနှိုင်းပေးနေပြီး သူတို့ရဲ့ နိုင်ငံအကျိုးစီးပွားတွေအတွက် အမြန်ဆုံး ပြေလည်လိုတဲ့ သဘောဆန္ဒတွေလည်း ရှိနေပါတယ်။
အရေးကြီးဆုံးကတော့ ဒီလို စီးပွားရေးမက်လုံးတွေကတဆင့် ပဋိပက္ခတွေကို ညှိုနှိုင်းဖြေရှင်းတာဟာ ရေတိုဖြေရှင်းနည်းသာဖြစ်ပြီး ဒီအဆင့်ကနေ နိုင်ငံရေးအရ ပြေလည်မှုကို ရရှိနိုင်မှာတော့ မဟုတ်ဘူးလို့ ISP Myanmar ရဲ့ အစီရင်ခံစာကဆိုပါတယ်။
စီးပွားရေးအရ အာဏာခွဲဝေခြင်းသာဖြစ်ပြီး ဖက်ဒရယ်အခြေခံဘက်ကို ခြေလှမ်းတွေ မလှမ်းနိုင်သေးသရွေ့ကတော့ မြန်မာပြည်သူလူထုက နစ်နာနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့အကျပ်အတည်းမှာ ပဋိပက္ခရဲ့လားရာနိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစား၊ မတွက်ချက်ရင် မြန်မာ့အရေးဟာ ရေလိုက်လွဲနေဦးမှာတော့ အသေအချာဖြစ်ကြောင်း ISP Myanmar က ရေးသားထားပါတယ်။