စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ အစကတည်းက ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင်းကို PPNM ကနေ စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွေအတွင်းမှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ အကြမ်းဖက်စစ်အုပ်စုက ခွင့်ပြုခဲ့တယ်လို့ ဆိုပေမယ့် ယနေ့အချိန်ထိ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဟာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြဘူးလို့ သိရပါတယ်။
ဧည့်တွေ့ခွင့်ပိတ်ပင်မှုကို ပြုလုပ်ဖို့ ညွှန်ကြားသူဟာ ရွှေဘိုမြို့က တပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင်ဆိုသူ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကထောင်ဝင်စာဧည့်တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် အကျဉ်းဦးစီးဌာနက စာရွက်စာတမ်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ပေမယ့်အချက်အလက် မပြည့်စုံတဲ့ မိသားစုဝင်များစွာက ဒီနေ့ချိန်ထိ ဧည့်တွေ့ခွင့် မရရှိသေးဘူးလို့ သိရပါတယ်။
မနေ့က အောက်တိုဘာ (၇) ရက်နေ့မှာ တခြားရာဇဝတ်မှုအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပြုခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကတော့ ဧည့်တွေ့ခွင့် မရကြသေးဘဲ အကျဉ်းထောင်တွင်းမှာ ခွဲခြားဆက်ဆံခံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
