ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကကြောင့် ကလေး (၁) ယောက်အပါ (၂) ယောက်တို့ ထိခိုက်ခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
မူးမြို့နယ်အတွင်း အောက်တိုဘာလ (၇) ရက်နေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၀၇ တပ်ရင်းကနေ ငတိုးခင်ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံး (၂) လုံး ကြဲချခဲ့ရာ ကျေးရွာအတွင်းနေထိုင်တဲ့ (၁၀၂) နှစ်အရွယ် အဘိုးအိုနဲ့ (၂) (၇) နှစ်အရွယ် မိန်းကလေးငယ်တို့ (၂) ယောက် ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၅) ရက် ညနေပိုင်းမှာ နတ်သံကွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၄) လုံးပစ်ခတ်ခဲ့ရာ တမောမ ကျေးရွာဘေးမှာ (၂) လုံးနဲ့ ထွေးနီကုန်းကျေးရွာအနီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်း အောက်တိုဘာလ (၇) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီးတွေဟာ လိန်ပင်ဝဲကျေးရွာအုပ်စု၊ သစ်ဖယောင်းတန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အိမ်မွေးကြက် (၁) ကောင် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ရေချိုးကန်နဲ့ ဝက်ခြံတို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှုများ (ဓာတ်ပုံ KNU)