ပဲခူးတိုင်းအနောက်ခြမ်း၊ရွှေတောင်မြို့မှာစစ်ကောင်စီအလိုကျသန်းခေါင်စာရင်းကောက်ခံနေတဲ့သူတွေကိုမိုင်းဆွဲခြောက်လန့်ခဲ့တယ်လို့ရွှေတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့၊ညနေပိုင်းမှာရွှေတောင်မြို့နယ်၊ယွန်းတန်းရပ်ကွက်၊အုပ်ချုပ်ရေးမှူးနဲ့စစ်သား၊ရဲ၊ပျူစောထီးတွေပါဝင်တဲ့သန်းခေါင်စာရင်းလိုက်လံကောက်ခံတဲ့အဖွဲ့ကိုယွန်းတန်းအုပ်ချုပ်ရေးမှူးရဲ့အိမ်ရှေ့မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“အုပ်ကြီးနဲ့ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ အုပ်ကြီးအိမ်မှာ ဆိုင်ကယ်တွေထားခဲ့ပြီး အပြန်မှာပေါ့နော် control မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ သန်ခေါင်းစာရင်းကောက်တဲ့ အဖွဲ့ဝင်တွေလည်း ဆိုင်ကယ်ပေါ်မှာတင် မိုင်းထိသွားတယ်လို့ ယူဆရတယ်။ ဆိုင်ကယ်တွေရော လူတွေပါ လွင့်ကုန်တယ်။” လို့ရွှေတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်ကမောင်းကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်အရပ်ဝတ်တွေနဲ့လိုက်ပါလာတဲ့စစ်သား၊ရဲနဲ့ပျူစောထီး၃ယောက်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
အလားတူ ယွန်းတန်းအုပ်ချုပ်ရေးမှူးရဲ့ အဖွဲ့လိုပဲ သန်းခေါင်စာရင်း လိုက်လံကောက်ခံနေတဲ့ နောက်ထပ်အဖွဲ့ (၂) ဖွဲ့ကိုလည်းတိုက်ခိုက်ဖို့စီစဉ်ထားပေမယ့်သက်ကြီးရွယ်အိုနဲ့ကလေးတွေရှိနေတာကြောင့်နောက်ကြောင်းပြန်ဆုတ်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ခံရာမှာ လိုက်ပါ ဆောင်ရွက်နေသူတွေကို မှတ်တမ်းတင်ထားပြီဖြစ်ပြီး ရပ်ကွက်/ ကျေးရွာတွေမှာ သန်းခေါင်စာရင်း လိုက်လံ ကောက်ခံနေရင် အခုထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။