မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အောက်တိုဘာ ၅ ရက်၊ မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ တပ်စွဲထားတဲ့ မင်းနေကုန်း ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၆ဝ မမ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရဲစခန်းထဲ စကစရော ရဲရောဆိုတော့ ခန့်မှန်းခြေ အင်အား၁ရာလောက်ရှိမယ်ဗျ။ ကြားထားတာပေါ့နော်။ Fixed Wings Drone နဲ့ ဗုံးသီး ၁၅လုံးရယ်၊ လက်နက်ကြီး ၆၀မမ ၅လုံးရယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုကွက်တိကျခဲ့သလို လွဲသွားတာတွေလည်းရှိပါတယ်” လို့ Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
လက်ရှိမှာ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ မြို့သိမ်း၊ မြို့ထိန်း၊ စခန်းသိမ်းတွေအတွက် အရေးပါတဲ့ End Point ကမ်ပိန်းကို ပြုလုပ်နေတယ်လို့လည်း ဗိုလ်မိုက်ခဲကပြောပါတယ်။
မင်းနေကုန်းရဲစခန်း စစ်အုပ်စုတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေလည်းရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
“ကျနော်တို့တွေရဲ့တိုက်ခိုက်မှုကြောင့် စခ ၃ ကောင် ဒဏ်ရာရရှိသွားတယ်လို့ကြားရတယ်။ နောက်ပြီး သေတဲ့ကောင်တွေကိုလားမသိ မီးရှို့နေတယ်လို့ကြားတယ်ပေါ့နော်။ ဘယ်လောက်သေလဲကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။” လို့ ရွှေဂျိုးဖြူ– ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့ဝင်တစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့အတူ ရွှေဂျိုးဖြူ–ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်–၈၊ MGN-35၊ နွားထိုးကြီးမြို့နယ်–ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ Myingyan Denger Dynamite၊ AungSan’s Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်–၉၊ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
