နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့စာကို ဘယ်အဖွဲ့အစည်းက လာကပ်သွားလဲဆိုတာ မသိရသလို အုပ်ချုပ်ရေးမှူးကလည်း မစိစစ်ဘဲ စစ်တပ်ထံ တိုင်ကြားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူး မြတ်ကျော်သူက အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးပဲ။ သူက ရွာကိုမထိန်းသိမ်းဘဲ ထစ်ကနဲဆို အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားပြီး ရွာသားတွေ အဖမ်းခံရအောင်လုပ်တာ။ သူမျက်နှာရအောင် လုပ်တဲ့သဘောပေါ့။ အခုလည်း စာသင်ကျောင်းမှာစာကပ်တာ ဘယ်သူကပ်လဲ ဘာကြောင့်ကပ်လဲ မစိစစ်ဘဲ သူ့ပထွေးတွေကို သတင်းလှမ်းပို့တော့ အကုန်ဘေးလွတ်ရာကို ပြေးရတာပေါ့” လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“အောက်တိုဘာလ ၆ရက်နေ့ ဒီမနက်ပိုင်းမှာ ဖြစ်တာပါ။ သူ ဓာတ်ပုံရိုက်ပို့ပြီး သိပ်မကြာခင်မှာ အကြမ်းဖက်စစ်တပ်က ရောက်လာတာ.. အားလုံး ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
နေပြည်တော်အနီးတဝိုက်မှာ အုပ်ချုပ်ရေးမှူးတွေ အများစုက စစ်တပ်က ခန့်အပ်ထားတာကြောင့် စစ်တပ်ထောက်တိုင်အဖြစ် ရပ်တည်ကာ စစ်တပ်က ခိုင်းသမျှကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
