ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်သင်တန်း တက်ရောက်နေသူတွေဟာ သာမန်အရပ်သားတွေမဟုတ်ကြဘဲ အမျိုးသားရေးအစွန်းရောက်တွေ၊ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေ ဖြစ်ကြပြီး သင်တန်းပို့ချနေတာ ၁၄ရက်ခန့် ရှိပြီလို့ သိရပါတယ်။
“စစ်သင်တန်းပို့ချနေတာ ပထမဦးဆုံးအပတ်စဥ်ဖြစ်မယ်။ အဲဒီ၂၇၅ တပ်ရင်းထဲမှာက BGF တွေ ခြေချင်းလိမ်နေတာ။ BGF က ယာယီစခန်းချနေတဲ့ပုံရှိတယ်။ တပ်ရင်းထဲကနေ အကြမ်းဖက်စစ်သားတွေ အပြင်ထွက်တာတော့ မတွေ့ရဘူး။ BGF တွေပဲအဝင်အထွက်များတာ။အခုစစ်သင်တန်းပို့ချနေတယ်။
တက်ရောက်သူတွေက မဘသ အစွန်းရောက်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေးတွေပဲ တက်ရောက်နေတာ” လို့ မြဝတီမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
“တစ်ခါမှ အခုလိုတပ်ထဲမှာ စစ်သင်တန်းပေးတာမကြားဘူး။ ဘာကြောင့် အခုမှ စစ်သင်တန်းပေးလဲတော့မသိဘူး။ ရွှေကုက္ကိုမြို့သစ်ဘက်မှာတော့ BGF ကနေ ပြန်ဖွဲ့စည်းထားတဲ့ KNA ဆိုတာတော့ ရှိတယ်။ သူတို့ဆီမှာတော့ သူတို့ထဲကို ဝင်လာတဲ့လူသစ်တွေကို သင်တန်းတွေပို့ချတာရှိတယ်။ အခု မြဝတီက ၂၇၅တပ်ကျတော့ စခန်းထဲတောင် ပေါ်ပေါ်တင်တင် မနေရဲတဲ့ကောင်တွေက စစ်သင်တန်းတောင် ပေးနိုင်နေတယ်” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်
ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ ဧပြီလ ၁၅ရက်နေ့မှာတော့ BGF DKBA ပူးပေါင်းအဖွဲ့တွေက ညှိနှိုင်းကာ ပြန်လည်ရယူသွားခဲ့တာပါ။ အခုတော့ အကြမ်းဖက်စစ်တပ်က ခလရ ၂၇၅ ထဲ ပြန်လည်ဝင်ရောက်ကာ အခုလို စစ်သင်တန်းပို့ချမှုတွေ ရှိနေတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
