လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
ထိုသို့ပြောခဲ့အပြီး ဒီကနေ့စတင်လိုက်တဲ့ အဆိုပါဆွေးနွေးပွဲတွေကို “အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂက” ကိုယ်စားလှယ်တွေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုအဖွဲ့ဝင်တွေပါဝင်မှာဖြစ်ကြောင်းအမည်မဖော်လိုတဲ့သံတမန်တဦးကပြောပါတယ်။မြန်မာအာဏာသိမ်းစစ်တပ်ကိုတော့ပါဝင်ဖို့မမျှော်လင့်ထားဘူးလို့လည်းအဆိုပါသံတမန်ကပြောပါတယ်။
၂၀၂၁ခုနှစ်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့သွေးထွက်သံယိုပဋိပက္ခအရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အာဆီယံအနေနဲ့လာအိုမှာလာမဲ့အောက်တိုဘာ၆ရက်ကနေ၁၁ရက်အထိထိပ်သီးအစည်းအဝေးကျင်းပသွားဖို့စီစဉ်ထားတာပါ။အစုအဖွဲ့ရဲ့အစည်းအဝေးအတွင်းမြန်မာအရေးအကျပ်အတည်းကိုအရေးကြီးခေါင်းစဉ်တရပ်အဖြစ်ထည့်သွင်းဆွေနွေးသွားမယ်လို့သိရပါတယ်။
ဒီနေ့ အင်ဒိုနီးရှားမှာ စတင်လိုက်တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အဆိုပါ အစည်းအဝေးဟာ သိုသိုသိပ်သိပ်နဲ့ ကျင်းပနေတာဖြစ်ပြီး၊ အာဆီယံနိုင်ငံများအပြင် အခြားဥရောပနဲ့ နိုင်ငံတကာ သံတမန်များ တက်ရောက်နေတယ်လို့ ကြားသိပေမယ့် မည်သည့်သံတမန်များ တက်ရောက်သည်ကို မသိရှိရကြောင်းနဲ့ တော်လှန်ရေးအင်အားစုများဘက်မှလည်း တက်ရောက်နေသည် ဆိုသည်ကိုသာအတည်ပြုနိုင်ကြောင်း အဆိုပါတော်လှန်ရေးအဖွဲ့များနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အာဆီယံဟာ၎င်းရဲ့အဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းဖို့သံတမန်ရေးအရတွန်းအားပေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့တိုးတက်မှုအနည်းငယ်သာဖြစ်ထွန်းခဲ့ပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ပြီးတွေ့ဆုံဆွေးနွေးဖို့အပါအဝင်စစ်ခေါင်းဆောင်ကသဘောတူထားတဲ့အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုစစ်ကောင်စီကလိုက်နာဖော်ဆောင်ဖို့ပျက်ကွက်ခဲ့တဲ့အလျောက်မြန်မာစစ်ခေါင်းဆောင်တွေကိုအာဆီယံရဲ့အဆင့်အမြင့်အစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
မြန်မာအရေးပြဿနာနဲ့ပတ်သက်ပြီး အစုအဖွဲ့ရဲ့ ယခင်အစည်းအဝေးတွေအတွင်း အဖွဲ့ဝင်အတွေအကြား သဘောထားမညီညွတ်မှုတွေရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က အာဏာသိမ်းခေါင်းဆောင်တွေကို ပြင်းထန်စွာအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” (PDF) တွေကို မြန်မာစစ်တပ်က မြေပြင်စစ်မျက်နှာတွေမှာ မရှုမလှ ရှံးနိမ့်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး သံတမန်ရေး တွန်းအားပေးမှု ထွက်ပေါ်လာတာပါ။ သုံးနှစ်ကျော်ကြာ စစ်ပွဲတွေအတွင်း လူပေါင်း သုံးသန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
ကိုးကား – AFP