ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သူတို့တွေဟာ ညောင်ပင်သာရွာ ၁လမ်းမှာ နေထိုင်သူတွေဖြစ်ကြပြီး လင်မယား ၂ယောက်နဲ့ လယ်အကူအလုပ်သမား ၁ယောက် လယ်ကွင်းထဲဆင်းချိန် အခုလို ကြုံခဲ့ရတာလို့ သိရပါတယ်။
“သူတို့က လယ်ထဲသွားကြတာ.. စပါးရိတ်ဖို့။ ညနေ ၄နာရီလောက်မှာ မိုးကြိုးပစ်ချလို့ ၃ယောက်စလုံးမှောက်လျက်အနေအထားနဲ့ သတိတွေလစ်နေကြတာ။ ရွာကသူတွေက ဝိုင်းဝန်းကူညီမှုနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် အသက်၄၅နှစ်ရှိသူ အမျိုးသားသေဆုံးခဲ့ပြီး သေဆုံးတဲ့ အမျိုးသားရဲ့မိန်းမနဲ့ အလုပ်သမားကတော့ ဆေးကုသနေရတုန်းပဲ” လို့ ညောင်ပင်သာရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
အထက်ပါ ဒေသခံကပဲ “အခု ဆေးကုသမှုခံယူနေရတဲ့ နှစ်ယောက်လုံးလည်း စကားမပြောနိုင်သေးဘူး။ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိသေးတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေလည်း ရှိခဲ့ပါတယ်။