စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ရက်ဆက်တိုက် ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
စက်တင်ဘာလ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကန့်ဘလူမြို့နယ်အတွင်းက ရေရှင်ကြီးရွာ၊ အောင်တိုင်းလယ်ရွာနဲ့ မှန်နီပင်ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီး၁ယောက်ကိုပါ ပစ်သတ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စံပါယ်နံ့သာ အထိုင်တပ်ကနေ ရေရှင်ကြီးရွာကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ရွာနေအမျိုးသား၄ ယောက်နဲ့ အမျိုးသမီး ၃ယောက်ထိခိုက်ခဲ့ပြီး ၊ ခရီးသွား အမျိုးသား၁ယောက်လည်း ဗုံးသီးထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အောင်တိုင်းလယ်ကျေးရွာကိုပါ ဒရုန်း ဗုံးသီးချလို့ အသက် ၅၀ ကျော်အမျိုးသမီးကြီး ၁ယောက် သေဆုံးခဲ့သလို အဲ့နေ့မနက်မှာပဲ ၂ မိုင်တောတိုက်မှာနေတဲ့ အမျိုးသမီး၁ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်၊ မနေ့ကမနက်ပိုင်းမှာလည်း အဲ့ဒီ စံပါယ်နံ့သာ အထိုင်တပ်ထဲကနေပဲ Droneနဲ့ ထပ်ပြီးဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အထိုင်တပ်နဲ့ ၄ မိုင်အကွာမှာရှိတဲ့ မှန်နီပင်ရွာက ညီအစ်မ၂ယောက် အပါအဝင် အသက်၅၀ အရွယ်အမျိုးသမီးကြီး၁ယောက်နဲ့ အသက်၅နှစ်အရွယ်ကလေးငယ် ၁ယောက် သေဆုံးခဲ့ရပါသေးတယ်။
တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ၂ရက်ဆက်တိုက် လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီကြောင့် ကန့်ဘလူနယ် ကျေးရွာ ၃ရွာက အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရပြီး အသက်အန္တရာယ်မစိုးရိမ်ရပဲ ဒဏ်ရာရရှိထားသူတွေလည်း ၇ယောက်အထိရှိတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
“ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။” လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
ဓာတ်ပုံ – ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း)