ဩစတြေးလျကုမ္ပဏီ AXIS Flight Training Systems GmbH က စစ်ကောင်စီကို သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာ(FSTD) ကို ရောင်းချပေးခဲ့ပြီး မြန်မာစစ်အုပ်စုရဲ့လေတပ်က လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။

သဏ္ဍာန်တူ ပျံသန်းလေ့ကျင့်ရေး ကိရိယာကို လက်နက်ပွဲစားကုမ္ပဏီ Miya Win International Company Limited က တဆင့် အရပ်သား ဝယ်ယူမှုပုံစံမျိုးနဲ့ ကြားခံပြီး စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပါတယ်။

Miya Win International ကုမ္ပဏီဟာ   အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားခြင်းခံရတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာတွေကို အသုံးပြုပြီး နည်းပြအဆင့်နဲ့ သင်တန်းသားအဆင့် လေယာဉ်မှူးသင်တန်းတွေ လေ့ကျင့်သင်ကြားပေးနေသလို၊ စစ်အုပ်စုလေယာဉ်မှူးတွေ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

မြန်မာ့လေတပ်က ဝယ်ယူအသုံးပြုနေမှုကို ဖုံးကွယ်နိုင်ဖို့  Asia Golden Phoenix Consultancy Services လို့ခေါ်တဲ့  ကုမ္ပဏီကို လက်ဝယ်အသုံးပြုသူ၊ ကြီးကြပ်လုပ်ကိုင်သူနဲ့ လေ့ကျင့်သင်တန်းပေးသူအဖြစ်လည်း ဖုံးကွယ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ကို ပွဲစားအဖြစ်လုပ်ကိုင်ပေးနေတဲ့ Asia Golden Phoenix ကုမ္ပဏီနဲ့ Miya Win ကုမ္ပဏီ နှစ်ခုလုံးမှာ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် နေထွဋ်ဝင်း ဆိုသူက ပါဝင်ပတ်သက်လျက် ရှိနေပါတယ်။

Asia Golden Phoenix က သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာကို ဝယ်ယူပြီးနောက် AXIS ဝန်ထမ်းတွေဟာ  စက်ကိုတပ်ဆင်ပေးဖို့အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

မင်္ဂလာဒုံက ရန်ကုန်လေဆိပ်အနီး စစ်တပ်ပိုင်မြေပေါ်မှာ တပ်ဆင်ခဲ့ပြီး  သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေး ကိရိယာပြုပြင်ထိန်းသိမ်းရေးအတွက် AXIS ဝန်ထမ်းတွေက လေတပ်ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

AXIS ကတော့ စစ်ကောင်စီရဲ့ လေတပ်မှာ လာရောက်တပ်ဆင်ပေးအပ်ခဲ့မှုအပေါ် ငြင်းဆိုခဲ့ပြီး၊ သူတို့အနေနဲ့  Asia Golden Phoenix ဝန်ထမ်းတွေကိုသာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သဏ္ဍာန်တူပျံသန်းလေ့ကျင့်ရေးကိရိယာဟာ နိုင်ငံတကာမှာတော့ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်း ဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံဆီ တင်ပို့မှုမျိုးကို  တင်ပို့ရောင်းချမှုမပြုခင် သြစတြေးလျ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ အရပ်ဖက်ကြားခံ လက်နက်ပွဲစားကုမ္ပဏီတွေကို အသုံးပြုကာ ပိတ်ဆို့မှုတွေကို ရှောင်ရှားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

သဏ္ဍန်တူ ပျံသန်းလေ့ကျင့်ရေးကိရိယာကို အရပ်ဘက်ရည်ရွယ်ချက်အနေနဲ့  အသုံးပြုသွားဖွယ်ရှိပေမယ့် မြန်မာနိုင်ငံမှာ အဲဒီကိရိယာကို  လက်ဝယ်သုံးစွဲနေတဲ့သူဟာ  စစ်အုပ်စုဖြစ်နေတာကတော့ အသေအချာပဲ ဖြစ်ကြောင်း Justice For Myanmar က ဆိုပါတယ်။

အနောက်အုပ်စု နိုင်ငံတွေက စစ်ကောင်စီကို ပိတ်ဆို့ထားတဲ့ကြားက အခုလို အရပ်ဖက်နဲ့ စစ်ဖက်သုံးလေကြောင်းပစ္စည်းတွေဟာ စစ်ကောင်စီထံ ရောက်ရှိနေခြင်းကလည်း မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာစစ်အုပ်စုကို ပံ့ပိုးထောက်ပံ့နေတဲ့ လက်နက်ပွဲစား Miya Win ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ ချမှတ်ပြီးဖြစ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်ဝင်ကျင့်သုံးဖို့  Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနား

ကျောင်းသားလက်ရုံးတပ်တော် - SAF က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို အောက်တ်ိုဘာလ ၁၆ ရက်‌ ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။