မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်းရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၂၅ရက်၊ နေ့လည်လောက်ကစလို့ ချင်းတောင်ပေါ် မိုးကြီးပြီး တောင်ကျချောင်းရေထိုးကျခဲ့တဲ့အတွက် မကွေးတိုင်း၊ ဆောမြို့နယ်ထဲက ချောင်းခွရွာ၊ လယ်ကြီးအိုင့်ရွာနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနေ့ ညနေပိုင်းမှာပဲ တောင်ကျချောင်းရေ အရှိန်နဲ့ထိုးဆင်းလာပြီး တောင်ဇလပ်စစ်ရှောင်စခန်းနေ အသက် ၃၈နှစ်အရွယ် ချင်းအမျိုးသမီး၁ယောက်နဲ့ အသက်၃နှစ်ကလေးငယ်တို့ ရေထဲမျောပါသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကလေးငယ်အလောင်းကိုတော့ စက်တင်ဘာ ၂၆ရက်၊ မနေ့က မနက်ပိုင်း ချောင်းအစပ်မှာ ပြန်ပြီးရှာတွေ့ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။
တောင်ကျချောင်းရေလျှံမှုကြောင့်လယ်ကြီးအိုင့်ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတို့မှာ ရေနစ်မြုပ်ခဲ့ပြီးဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာရေပြန်ကျသွားပေမယ့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်ပြီး အရေးပေါ် ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် လယ်ကြီးအိုင့်ရွာနဲ့ ကံချောင်းရွာကြားမှာရှိတဲ့ ဒေသအခေါ် သံဘောင်တံတားအနီးက ကတ္တရာလမ်းဟာလည်း ရေတိုက်စားပြီး ပျက်စီးသွားတဲ့အတွက် ဆော- ကျောက်ထုလမ်းပိုင်းကိုယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ပျက်စီးသွားတဲ့ လမ်းပိုင်းအတွက် ကျေးရွာနေပြည်သူတွေ၊ စစ်ဘေးရှောင်တွေ၊ ရွာခံဘုန်းကြီးတွေနဲ့ YDF ရဲဘော်တွေက လူအား၊ ငွေအားနဲ့ပြန်လည်ပြုပြင်ပေးခဲ့တဲ့အတွက် ပြန်ပြီးအသုံးပြုနိုင်ပြီလို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
“ဆရာတော်တွေ ဦးဆောင်ပြီး အနီးနားရွာခံအလှူရှင်တွေ၊ စစ်ဘေးရှောင် စခန်းကအလှူရှင်တွေနဲ့အတူ YDF ရဲဘော်တွေရဲ့ ငွေအား လူအား ပါဝင်ကုသိုလ်ယူယူခဲ့လို့ မနေ့က (စက်တင်ဘာလ ၂၆ ရက်) ည ၈နာရီလောက်မှာပဲ အားလုံး ပြီးစီးသွားပါတယ်။ ဆိုင်ကယ်နဲ့ ကားတွေအားလုံး ပြန်သွားလာလို့ရပါပြီ။ ဆရာတော်တစ်ပါးမိန့်တာအရ ပျက်စီးသွားလို့ ဆည်ခတ်လိုက်ရတဲ့နေရာကပဲ အမြင့် ပေ၂၀နဲ့ အကျယ် ပေ ၄၀လောက်ရှိတယ်။ အောက်ပိုင်းကိုလည်းဆည်ခတ်ပြီး မြေသားတွေဖို့ရတယ်။ ပြီးတော့ သဲကြမ်းလောင်းရတယ်။ တစ်နေကုန်လုပ်ခဲ့ရတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူ ကိုဘကောင်းက မောင်းကိုပြောပါတယ်။
ဓာတ်ပုံ (ဒေသခံပေးပို့နှင့် ယောအလင်းတန်းအဖွဲ့) – တောင်ကျချောင်းရေလျှံနေတဲ့ ကျေးရွာများနဲ့ လမ်းပိုင်းပြုပြင်နေပုံများ