စစ်ကောင်စီတပ်ရဲ့ လက်ရုံးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ ဗိုလ်လောင်းရွေးချယ်မှုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ က စစ်တက္ကသိုလ်ဗိုလ်လောင်း(D.S.A)အမှတ်စဉ်(၆၇) စစ်လက်ရုံးရွေးချယ်ပွဲနဲ့ နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း(D.S.T.A) အမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ရွေးချယ်ခဲ့တာပါ။
လက်ရုံးတပ်တွေအနေနဲ့ တိုက်ပွဲအသင့်ဖြစ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီး လပိုင်းအကြာမှာ အခုရွေးချယ်ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးအတွက် နယ်မြေခံတပ်နဲ့ ဒေသခံတွေ တစ်သားတည်းဖြစ်နေရမယ်လို့ ညွှန်ကြားခဲ့ပြီး တိုင်းပြည်ရဲ့အရေးကြီးဆုံးအချိန်မှာ နိုင်ငံအတွက် တာ၀န်ထမ်းဆောင်ချိန်ရောက်ပြီလို့ သူက ဆိုပါတယ်။
မင်းအောင်လှိုင်နဲ့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်အရာရှိကြီးတွေက အဓိက လိုက်ပါခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်ကစတင်ပြီး စစ်ကောင်စီဟာ ဗိုလ်လောင်းသင်တန်းအများစုမှာ သတ်မှတ်ထားတဲ့ လူပမာဏအောက်ကို အရေအတွက်လျော့နည်းနေခဲ့ပြီး တပ်မတော်နဲ့ နီးစပ်သူတွေ မိသားစု၀င်တွေသာ တက်ရောက်လျက်ရှိနေတာပါ။
ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မင်းအောင်လှိုင်ဟာ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။