မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ကျွဲတလင်းရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၂၆ရက်၊ မနေ့က ညပိုင်းမှာ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာထဲမှာရှိနေတဲ့ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ၊ နေအိမ်အဆောက်ဦးတွေ ဗုံးထိမှန်ပျက်စီးခဲ့ပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
“မနေ့ည ၈နာရီလောက်မှာ ကျွဲတလင်းရွာကို တိုက်ပွဲမရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး၆လုံး ကြဲသွားတာပါ။ ဗုံးထိမှန်ခဲ့လို့ အသက် ၂၀ ကျော် အမျိုးသား တစ်ယောက်သေဆုံးပြီး အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွဲတလင်းမှာ အရင်ကတော့ လက်နက်ကိုင်ပျူတွေရှိပေမယ့် အခု ကျနော်တို့ရှင်းလင်းထားလို့မရှိတော့ပါဘူး။ အရပ်သားတွေပဲရှိတော့တာပါ” လို့ တောင်သာမြို့နယ် ပကဖ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ရက် နေ့လည်ပိုင်းကလည်း စစ်အုပ်စုက ပန်းပေါင်းအုပ်စု၊ ညောင်ကုန်းကျေးရွာအနီးကို တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ လေကြောင်းကနေ ဗုံးချခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့မနက်ပိုင်းကပဲ တောင်သာမြို့နယ်၊ ဒါန်းတိုင်ရွာထဲကို တောင်နီတာပေါ် တပ်စွဲထားတဲ့စစ်အုပ်စုက လက်နက်ကြီး ၆၀မမနဲ့ ၄ချက်ပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ်တွေထိမှန်ခဲ့ပြီး နွား၁ကောင်သေဆုံးခဲ့ရပါသေးတယ်။
ပုံစာ – တောင်သာမြို့နယ်၊ ကျွဲတလင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရစဥ်