စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကနေ ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေနဲ့ အကူအညီတွေပေးအပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပပြုလုပ်တဲ့ “High-level Open Debate on Peacebuilding and Sustaining Peace: The New Agenda for Peace – Addressing Global, Regional and National Aspects of Conflict Prevention” တံခါးဖွင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားလိုက်တာပါ။
တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေခြင်းကြောင့် စစ်တပ်အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့်လိုင်စင် လက်ဝယ်ရရှိသလို ဖြစ်နေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
ဒါကြောင့် မြန်မာ့အရေး ဖြေရှင်းမယ့် ဘယ်လိုအစီအစဉ်မျိုးမဆို မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ကိုက်ညီဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ကုလကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့အရေးမှာ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပြီး လုံခြုံရေးကောင်စီအနေနဲ့ အခုပဲ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေ အထူးလိုအပ်နေတာဟာ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ အသိုက်အဝန်းက လက်ငင်း၊ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်တယ်လို့လည်း သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။